Friday 15 March 2013

ဘုရားရှိခိုးရခြင်း၏အကြောင်းရင်း...ဒေါက်တာအရှင်ဣန္ဒက (Dhamma Garden)

ဘုရားရှိခိုးရခြင်း၏အကြောင်းရင်းမှာ မြတ်စွာဘုရားသည် ကောင်းသောသဘာဝတရားများ နှင့် မကောင်းသော သဘာဝတရားများကို ဟောကြားပေးခဲ့သည်။ သင်ကြားပေးခဲ့သည်။ ထိုကြောင့် မြတ်စွာဘုရားကို ဗုဒ္ဓဘာသာဝင်တို့က ဆရာအဖြစ်မှတ်ယူသည်။ ဆရာ အဖြစ်မှတ်ယူကာ ကျေးဇူးတင်သည့်အနေဖြင့် ရှိခိုးခြင်းဖြစ်သည်။ မြတ်စွာဘု၇ားကို ကြောက်၍ ရှိခိုးခြင်းမဟုတ်ပါ။ ရှိမခိုးဘဲ နေလိုက နေနိုင်သည်။ ကိုယ်ကျင့်တရားသာ အဓိကဖြစ်သည်။ မိမိကိုယ်တိုင် ကိုယ်ကျင့်တရားကောင်းမွန်ကာ ပတ်ဝန်းကျင်ကို ငြိမ်းချမ်းအောင် လုပ်ပေးဖို့နှင့် ကိုယ့်ပတ်ဝန်းကျင် စိတ်ချမ်းသာအောင် လုပ်ပေးဖို့ အရေးကြီးသည်။ လွတ်လပ်ရေးရအောင်လုပ်ပေးသော အာဇာနည်သူရဲကောင်းများကို နိုင်ငံသူ နိုင်ငံသားများက အုတ်ဂူသို့သွား၍ ကျေးဇူးတင် အမှတ်ရ အောက်မေ့သည့်အနေဖြင့် အလေးပြုကြသလို မြတ်စွာဘုရားကို ကျေးဇူးတင်သည့်အနေဖြင့် ရှိခိုးခြင်းသာဖြစ်ပါသည်။ ထိုသို့ရှိခိုးရာတွင် အကြိမ်ရေ သတ်မှတ်ချက်မရှိပါ။ ရှိခိုးခြင်းထက် ကိုယ်ကျင့်သီလကို ဦးစားပေးသော ဘာသာဖြစ်သည့်အတွက် ကိုယ်ကျင့်ကောင်းဖို့သာလိုပါသည်။ ကိုယ်ကျင့်တရားမကောင်းပဲ ၂၄ နာရီပတ်လုံး ရှိခိုးစေကာမူ အချည်းနှီးဖြစ်သည့်အတွက် ရှိခိုးခြင်းကို ဦးစားမပေးပါ။ သို့သော် အထက်မှာ ဖော်ပြခဲ့သလို ကျေးဇူးတင်သည့်အနေဖြင့် ရှိခိုးလိုက လွန်ခဲ့သော နှစ်ပေါင်း ၂၆၀၀ ခန့်က ပေါ်ပေါက်ခဲ့တဲ့ ဘုရားရဲ့ ဂုဏ်ကို အာရုံပြုပီး (၁) ကြိမ် သူ့ရဲ့တရားတော်ကို အာရုံပြုပီး (၁) ကြိမ် သူ့တရားတော်တွေကို မပျောက်အောင် ထိမ်းသိန်းစောင့်ရှောက်တဲ့သူတွေရဲ့ ဂုဏ်ကို အာရုံပြုပီး (၁) ကြိမ် စုစုပေါင်း တစ်ခါရှိခိုးခြင်း အမှုပြုက ဦး (၃) ကြိမ်ချရပါသည်။ ရှိခိုးရာတွင် ခြေ၊ လက်၊ နဖူး၊ တဒေါင်ဆစ်၊ ဒူးတို့ကို ကြမ်းပြင်ထိစေ၍ ရှိခိုးရပါသည်။ ထိုသို့ ကြမ်းပြင်ကို ထိရခြင်းရည်ရွယ်ချက်မှာ ရှိခိုးသူ၏ မာန်မာနများ နှိမ့်ချစေခြင်းပင်ဖြစ်ပါသည်။ 

ဥပုသ်စောင့်ရခြင်း ။။။။။။။။။။။။။။။။။။။။။။
 ဥပုသ်စောင့်ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ မတော်မတရားလိုချင်မှု လောဘ၊ ကြမ်းကြုတ်မှု ဒေါသ၊ မိုက်မဲတွေဝေမှု မောဟ တို့ နည်းပါးအောင် လုပ်ခြင်းပင်ဖြစ်ပါသည်။ အဆင်းအာရုံ၊ အသံအာရုံ စသော ငါးဖြာအာရုံတို့အပေါ်မှာ မှီပြီး မကောင်းတဲ့ စိတ် မ၀င်မိအောင်၊ မဖြစ်ပေါ်လာအောင် ကြိုးစားခြင်းကို ဥပုသ်စောင့်ခြင်း ဟုခေါ်ပါသည်။ ဥပုသ်ကို ပုံမှန်အားဖြင့် လပြည့်နေ့နှင့် လကွယ်နေ့များတွင် စောင့်ထိန်းလေ့ရှိပါသည်။ သို့သော် မိမိဆန္ဒအားလျှော်စွာ မည်သည့်နေ့တွင်မဆို စောင့်ထိန်းနိုင်ပါသည်။ အတင်းအကျပ် လုပ်ကို လုပ်ရမယ် ဆိုသော ဖိအားပေးမှုမျိုး ဗုဒ္ဓဘာသာတွင် မရှိပါ။ ဗုဒ္ဓဘာသာလမ်းစဉ်သည် အလယ်အလတ်လမ်းစဉ် ဖြစ်ပါသည်။ ဥပုသ်စောင့်ရာတွင် စည်းကမ်းချက်များမှာ ထွေထွေထူးထူးမရှိပါ။ ရှစ်ပါးဥပုသ်သီလ၊ ကိုးပါးဥပုသ်သီလ၊ ဆယ်ပါးဥပုသ်သီလစသည်ဖြင့် ရှိပါသည်။ မိမိအရွယ်နှင့် မိမိအင်အားနှင့် မိမိအချိန်နှင့်ကိုက်ညီအောင် ဥပုသ်သီလများ စောင့်ထိန်းနိုင်ပါသည်။

 ပွဲလမ်းသဘင် ၊၊။။။။။။။။။။။။။။။။
 ဗုဒ္ဓဘာသာအဓိကပွဲသဘင်များကို ဗုဒ္ဓမြတ်စွာဘုရားက ချမှတ်ခဲ့တာ မဟုတ်ပါ။ နောင်လာနောက်သားများက ဗုဒ္ဓဘာသာအမှတ်တရနေ့များအဖြစ် သတ်မှတ်ပြီး ကျင်းပကြခြင်းဖြစ်ပါသည်။ ဥပမာ။ မေလ လပြည့်နေ့တွင် (Vesak Festival) ၀ိသာခါ ပွဲသဘင်ကို ကျင်းပပါသည်။ ထိုပွဲသဘင်သည် ဘုရားဖြစ်မဲ့သူရဲ့ မွေးနေ့၊ ဘုရားအဖြစ်သို့ရောက်တဲ့နေ့၊ ဘုရားကွယ်လွန်တဲ့နေ့တို့ကို ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါသည်။

 ဗုဒ္ဓဘာသာ ။။။။။။။။။။။။။။ 
 ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ဘို့ လိုက်နာရမည့်စည်းကမ်းသတ်မှတ်မထားပါ။ ဗုဒ္ဓဘာသာတွင် ငါးပါးသီလရှိပါသည်။ ထိုငါးပါးသီလသည် ဗုဒ္ဓဘာသာဝင်အတွက် မဟုတ်ပါ။ လူသားတိုင်းအတွက်ဖြစ်ပါသည်။ ဗုဒ္ဓဘာသာဝင်တို့၏ ဘုရားကို ကြားဖူးစရာမလိုပါ။ မြင်ဖူးစရာမလိုပါ။ ရှိခိုးစရာ မလိုပါ။ ငါးပါးသီလစောင့်ထိန်းသူ ဘယ်သူမဆို တရုတ်ဖြစ်ဖြစ်၊ နီဂရိုးဖြစ်ဖြစ်၊ အင်္ဂလိပ်ဖြစ်ဖြစ် ၊ မွတ်စလင်ဖြစ်ဖြစ်၊ ခရစ်ယာန်ဖြစ်ဖြစ်၊ ဗုဒ္ဓဘာသာဝင်ဖြစ်ဖြစ် ကောင်းတဲ့ ဘုံဘ၀ ရောက်မည်။ ငါးပါးသီလ မစောင့်ထိန်းသူ ဘယ်သူမဆို၊ တရုတ်ဖြစ်ဖြစ်၊ နီဂရိုးဖြစ်ဖြစ်၊ အင်္ဂလိပ်ဖြစ်ဖြစ် ၊ မွတ်စလင်ဖြစ်ဖြစ်၊ ခရစ်ယာန်ဖြစ်ဖြစ်၊ ဗုဒ္ဓဘာသာဝင်ဖြစ်ဖြစ် မကောင်းတဲ့ ဘုံဘ၀ ရောက်မည်။ ငါးပါးသီလ (၁) သူတပါးအသတ်မသတ်ရ။ (၂) သူတပါးဥစ္စာ မခိုးရ။ (၃) သူတပါး သားမယား မပြစ်မှားရ။ (၄) လိမ်မပြောရ။ (၅) အရက်၊ ဆေးခြောက်စတဲ့ မူးယစ်စေတတ်တဲ့အရာဝတ္ထုမှန်သမျှ မသုံးစွဲရ။ ဗုဒ္ဓဘုရားဖြစ်ပေါ်ရခြင်း၏အကြောင်းရင်းမှာ သဘာဝတရားကို သိဖို့ ကြိုးစားရင်း နောက်ဆုံးသဘာဝတရားတွေကို သိလာလို့ သိသူ (ဗုဒ္ဓ) အမည်ရလာတာ။ ဗုဒ္ဓဆိုတာ သိသူလို့ အဓိပ္ပါယ်ရပါတယ်။ ဗုဒ္ဓဘာသာတို့၏ အဓိကယုံကြည့်ချက်မှာ ကံ၊ ကံ၏အကျိုးကို ယုံကြည်ခြင်းဖြစ်သည်။ ထာဝရဘုရားသခင်ကို မယုံကြည်။ မွေးခါစကတည်းက မျက်စိကန်းလာတဲ့ခလေးလေးတွေ၊ နားမကြားတဲ့ခလေးတွေ၊ ရုပ်မလှတဲ့သူ၊ ရုပ်လှတဲ့သူ၊ ချမ်းသာတဲ့သူ၊ ဆင်းရဲတဲ့သူတွေ ဘာကြောင့် ဒီလိုဖြစ်နေကြရတာလဲ ဆိုတဲ့ အကြောင်းအကျိုး သဘာဝကို လေ့လာလက်ခံယုံကြည်သော ၀ါဒဖြစ်သည်။ ဗုဒ္ဓဘာသာတွင် အကြမ်းအားဖြင့်း ဂိုဏ်းကြီး ၃ ဂိုဏ်းကွဲပြားနေသည်။ ယင်းတို့မှာ (၁) ထေရ၀ါဒဗုဒ္ဓဘာသာ (၂) ဟီနယာနဗုဒ္ဓဘာသာ (၃) မဟာယာနဗုဒ္ဓဘာသာ တို့ဖြစ်သည်။ ၁။ ထေရဝါဒဗုဒ္ဓဘာသာ ထို့ကြောင့်ထေရဝါဒသာသနာဆိုသည်မှာ မြတ်စွာဘုရား ဟောကြားတော်မူထားသော တရားတော် မူရင်းအတိုင်း လက်ခံကျင့်သုံးသည်။ ထုတ်ပယ်ခြင်း၊ ဖြည့်စွက်ခြင်းမပြု။ ပန်းတိုင်ဖြစ်သောနိဗ္ဗာန်သို့ ရိုးရိုးသာမန် တပည့်အဖြစ်ဖြင့် ကျင့်သုံး၍လည်း ရောက်နိုင်သည်။ ဘုရားဖြစ်အောင် ကျင့်ကြံ၍လည်း ဘုရားဖြစ်ပြီး ပန်းတိုင်ဖြစ်သောနိဗ္ဗာန်သို့ရောက်နိုင်သည်။ ထေရဝါဒဗုဒ္ဓဘာသာကို ၁။ မြန်မာ၊ ၂။ ထိုင်း၊ ၃။ သီရိလင်္ကာ၊ ၄။ ကမ္ဗောဒီးယား၊ ၅။ လော-နိုင်ငံတို့မှာ ကိုးကွယ်နေလျက် ရှိကြသည်။ ထေရဝါဒဗုဒ္ဓဘာသာဟူသည်မှာ မြတ်စွာဘုရား၏ တရားတော်ကို မြတ်စွာဘုရား ဟောကြားတော်မူသည့်အတိုင်း မပြုမပြင်၊ မဖြည့်မစွက်၊ မပယ်မနှုတ်ဘဲ လိုက်နာကျင့်သုံး သည့် ဗုဒ္ဓဘာသာကို ခေါ်ဆိုခြင်းသာတည်း။ ၂။ ဟီနယာနဗုဒ္ဓဘာသာ ထေရဝါဒဗုဒ္ဓဘာသာကဲ့သို့ မူရင်းတရား အစစ်အမှန်တွေကိုလည်း အတိအကျ မလိုက်နာနိုင် မဟာယာနတွေလောက်လည်း ပြုပြင်ဖြည့်စွက်ပယ်နှုတ်ဖို့ မလုပ်ချင်သော ဗုဒ္ဓဘာသာကို ဟီနယာနဗုဒ္ဓဘာသာဟု ခေါ်ဆိုသည်။ အခုအခါမှာတော့ ၎င်းဂိုဏ်းတို့သည် မဟာယာန ဗုဒ္ဓဘာသာဂိုဏ်းက မျိုထားခြင်းကို ခံလိုက်ကြရသည်ဖြစ်၍ မဟာယာနအတွင်းမှာ တိမ်မြုပ်ကြကုန်ပြီး ပျောက်ကွယ် သလောက် ဖြစ်သွားကြပါသည်။ ယင်းဂိုဏ်းတို့အား ဟီနယာန=နိမ့်ကျသည့်ယာဉ်ဟူ၍ နာမည်တပ်မှုကို မဟာယာနတို့က ပြုလုပ်ခဲ့သည်။ ဘီစီ ငါးရာစုခန့်က စတင်ပေါ် ထွန်းခဲ့သည့်ဂိုဏ်းဟု ဆိုနိုင်ပါသည်။ ၃။ မဟာယာနဗုဒ္ဓဘာသာ မဟာယနဂိုဏ်း၏ အဓိကအချက်ကြီးကား ဘုရားလောင်းဝါဒပင်ဖြစ်သည်။ လူတိုင်းလူတိုင်း သတ္တ၀ါတိုင်းသတ္တ၀ါတိုင်း ဘုရားလောင်းဆုကို ယူရသည်။ ဘုရားလောင်းဖြစ်ရမည်။ ဘုရားလောင်းအဖြစ်နှင့် လောကကို ကယ်တင်ရမည်။ ပန်းတိုင်ဖြစ်သော နိဗ္ဗာန်သို့ သွားရမည်။ မြတ်စွာဘုရား ဟောကြားတော်မူသည့်အတိုင်း မဟုတ်ဘဲ ကာလ၊ ဒေသ၊ ပုဂ္ဂလ အစရှိ သော အခြေအနေအရပ်ရပ်တို့နှင့် ကိုက်ညီအောင် ဘုရားရှင်၏ တရားတော်တို့ကို ပြုပြင်ပြီး တပည့်သာဝကအဖြစ်၊ သီးခြားဘုရား (ဘုရားဖြစ်ကာမတ္တ) ပစ္စေကအဖြစ်ဖြင့် နိဗ္ဗာန်ကိုမရနိုင်ဘဲ သမ္မာသမ္ဗုဒ္ဓအဖြစ်ဖြင့်သာ နိဗ္ဗာန်ကို ရနိုင်သည်ဟူ၍ ယူဆသည့် ဗုဒ္ဓဘာသာကို မဟာယာနဗုဒ္ဓ ဘာသာဟုခေါ်ဆို သည်။ ယခု -တိဘက်၊ ဆိကင်၊ ဘူတန်၊ နီပေါ၊ မွန်ဂိုလီးယား၊ တရုတ်၊ ကိုရီးယား၊ ဂျပန်၊ ဗီယက်နမ် အစရှိသောနိုင်ငံ - တို့မှာမဟာယာနဗုဒ္ဓဘာသာကို ကိုးကွယ်နေကြသည်။ 

မှတ်ချက်။ ထေရ၀ါဒနှင့် ဟီနယာန မတူပါ။ Read more...

Tuesday 3 January 2012

၃၂ နှစ်... တိုင်

ဒီနေ့ဆိုယင်...
သံသရာ ခရီးသည် တစ်ဦးဖြစ်တဲ့ အမေ ..ကျွန်တော်တို့ဘ၀ထဲက...ထွက်သွားခဲ့တာ ၃၂နှစ်တောင် ပြည့်ခဲ့ပါပြီ...လူ့ဘ၀ လူ့လောကထဲမှာပဲ လူသားတစ်ဦးအနေနဲ့ ပြန်ပြီး ကျင်လည်နေခဲ့ရယင်တောင်...အမေဟာ အခုအချိန်မှာ သုံးဆယ်ကျော်တွင်း ရောက်နေလောက်ပြီပေါ့...

ဒီနေ့လို အမေရဲ့ နှုတ်ဆက်ခရီး နှစ်ပါတ်လည် နေ့တွေရောက်တိုင်း...ကျွန်တော် ဒီအရွယ်ထိတိုင်အောင်...ရှင်သန်ခွင့်ပေးခဲ့တဲ့ ...အမေ့ ကျေးဇူးတွေကို ဦးညွတ်တဲ့ အနေနဲ့ ပြုခဲ့ဖူးတဲ့ ...ပြုဆဲ ပြုလတ္တံ့ သော ကုသိုလ် ကောင်းမှု အစုစု တို့ရဲ့အကျိုးကို အမေတစ်ယောက် ရောက်ရာဘ၀ ဘုံဋ္ဌာနကနေ သာဓုခေါ်ဆိုပြီး ရပါစေကြောင်း ရည်သန်လျက် အမျှအတန်းပေးဝေဖြစ်ပါတယ်...

ဘာသာတရားအရ ..ကံ ကံ၏ အကျိုးကို အထိုက်အလျောက် ယုံကြည်သက်ဝင် ကြတဲ့ မိသားစုတစ်ခုဖြစ်ခဲ့တာကြောင့်..
အမေဟာ ...နောင်ကျင်လည်ရအုံးမဲ့ ဘ၀တွေမှာ လူဖြစ်ရခဲ့ယင်တောင်..ယောက်ျားဘ၀ကို ရလိုသူတစ်ယောက်ပါ...
ဘုရားဆုအထိ မရည်ရွယ်ခဲ့တောင်...ဘုရားကျောင်းကန်နဲ့ ကုသိုလ်ရေးတွေမှာ နေရာတကာ ပါနှိုင်တဲ့ အရေးတောင် တန်ဖိုးထားပြီး မျှော်ကိုးဆုတောင်းခဲ့ပါတယ်...

ဆရာတော် ဦးဇောတိက ရဲ့ “ သတိဆိုတဲ့ နေအိမ် ” စာအုပ်ထဲမှာ ...“ဘ၀ဆိုတာ စိတ်နဲ့တန်သလို ဖြစ်နေတာပါ ” ဆိုတဲ့ စကားအရ ..အမေဟာ အနိမ့်ဆုံး လူ့ဘ၀ကိုတော့ ရောက်ရအုံးမယ် ဆိုယင်တောင် ...အမေဆုပန်ခဲ့သလို ...ယောက်ျားတစ်ဦးအဖြစ်နဲ့ ဘာသာ သာသနာ အရေးမှာ ရှေ့တန်းကနေ စွမ်းဆောင်နေမဲ့ ..အမျိုးကောင်းသားတစ်ဦး အဖြစ်ရှိနေမှာ ...ယုံကြည်ပါတယ်အမေ...

အိမ်ရှင်မတစ်ဦး နေရာမှာတောင်..အမေဟာ မိသားစုအတွက် အချိန်တိုင်းကို မရှိမဖြစ် မိခင်ကောင်း တစ်ဦး ဖြစ်နေခဲ့ရတာ...သားသမီးတွေ ကျန်မာရေး နဲ့ ပညာရေးမှာ ...တစိုက်မတ်မတ် လမ်းညွှန်ကြီးကြပ်နေတတ်သူ ဖြစ်ခဲ့တာ...ပါတ်ဝန်းကျင်နဲ့ သဟဇာတ ဖြစ်ရအောင်...အဆင့်အတန်းတစ်ခုနဲ့ ၀င်ဆန့်တဲ့ ..သိက္ခာရှိတဲ့ မိသားစုတစ်ခု ဖြစ်အောင် ပြုစုပျိုးထောင်ရာမှာ တစ်ဖက်ကမ်းခတ် စေ့စပ်သေချာစေခဲ့တာ...သားသမီးတွေ အနာဂတ်အရေးမှာ စိတ်အေးရအောင် ..အမြော်အမြင် ကြီးကြီးထားပြီး မောင်းနှင်နေခဲ့တာ...
ဘာနဲ့မှ လဲလှယ်လို့ မရစကောင်းတဲ့ ...ထာဝရ အေးမြနေမဲ့ အရိပ်တစ်ခုဟာ...အမေပါ

အေဗရာဟမ် လင်ကွန်းရဲ့ စကားအရ ..“ ဒီကနေ့ ဖြစ်နေသမျှ ..နောင်တစ်နေ့ ဖြစ်ဖို့ မျှော်မှန်းနှိုင်သမျှ အရာအားလုံးဟာ
အမေကျေ့းဇူးတွေချည်းပါ ”...တဲ့ ။
ဟုတ်တယ်အမေ...ဒီနေ့အထိ အမေ့ကိုယ်စား ..အမေ့ကိုယ်ပွား အနေနဲ့ အမေ့နီးပါး လောက် မစွမ်းဆောင်နှိုင်တောင်
အမေမြင်ချင်ခဲ့တဲ့ အဆင့်တစ်ခုမှာ ရပ်တည်နေနှိုင်အောင် ကျိုးစားနေထိုင်နှိုင်ခဲ့ပါတယ်...

လူ့သက်တမ်း တစ်ဝက်ကျော်လာတဲ့တိုင်အောင်...ကိုယ်တိုင်ဆန္ဒ ဆိုတာတွေ ခဏ မေ့ထားခဲ့ပြီး ...အဖေ့အတွက် ညီအစ်ကိုမောင်နှမတွေအတွက်...ရိုးသားပေးခဲ့ပါတယ်...ကြိုးစားပေးခဲ့ပါတယ်...
အဖေဆိုယင် ဆိုတဲ့ အတွေးနဲ့ အဖေ့ရဲ့အမေ အဖွားကို ပြုစုပေးခဲ့သလို ...အမေသာဆိုယင်ဆိုတဲ့ အမြင်နဲ့ အမေ့ရဲ့ အစ်ကိုကြီး ဘဘကို ထောက်ပံ့ပေးခဲ့ပါတယ်...

ဘ၀မှာ ပြန်မယူတတ်ချင်တော့လောက်အောင်...ပေးဆပ်ခဲ့ ရတာတွေဟာ...
မိဘတွေ အတွက်ဆိုတဲ့ ရည်မှန်းချက်လေးတစ်ခုနဲ့တင် ရှင်သန်နေရကျိုးနပ်နေခဲ့ပါပြီ....


အခုအချိန်မှာ အမေရော အဖေပါ မရှိကြတော့ပေမဲ့ ..ကျွန်တော်တို့ သားသမီးတွေ အတွက်တော့ ..မိဘတွေရဲ့ အရိပ်ဟာ...ထာဝရ အေးမြနေမှာပါ...ဆိုတာ ယုံကြည်ပါတယ် အမေ ။
Read more...

Sunday 25 December 2011

ချမ်းသာကို ဖြစ်စေတတ်သော မနောကံ သုံးမျိုး

ဆရာ မင်းနန် (မော်ကျွန်း ) ရေးသားသော ...ဗုဒ္ဓ အဆုံးအမများ ...(ပန်းသတင်း - ဂျာနယ်မှ)

ရဟန်းတို့ ...
အဘယ်သို့လျှင် မနောကံ ပြည့်စုံမှု သုံးမျိုးသည် ကုသိုလ် စေတနာ လှုံ့ဆော်မှု ရှိသည်ဖြစ်၍
ချမ်းသာကို ဖြစ်စေတတ်သနည်း ...ချမ်းသာကျိုး ရှိသနည်း ဟူမူကား...


ဤလောက၌ အချို့သောသူတို့သည်...

(၁) - အဘိဇ္ဈာ မများ ၊ သူတစ်ပါး၏ စည်းစိမ် အဆောက်အအုံကို “ငါ့ဥစ္စာဖြစ်လျင် ကောင်းလေစွ ”ဟု
ရှေးရှု မကြံ ။
(၂) - ဖျက်ဆီးလိုသောစိတ်မရှိ ၊ “ဤသတ္တ၀ါတို့သည် ဘေးရန်ကင်းကြပါစေ ၊
ကြောင့်ကြ ကင်းကြပါစေ ၊ ဆင်းရဲ ကင်းကြပါစေ ၊ မိမိ ကိုယ်ကို ချမ်းသာစွာ ဆောင်ရွက်နှိုင်ကြပါစေ ”ဟု
မွန်မြတ်သော စိတ်ထားရှိ၏ ။
(၃) - မှန်ကန်သော အယူရှိ၏ ၊ အလှုဒါန၏ အကျိုးရှိသည် ၊ နောက်ဘ၀ ရှိသည် ၊ ငရဲ ရှိသည် ၊ နတ်ပြည်ရှိသည်
...စသည်ဖြင့် မှန်ကန်သောအယူရှိသည် ။

ရဟန်းတို့...
ဤသို့လျှင် မနောကံ ပြည့်စုံမှု သုံးမျိုးသည် ကုသိုလ် စေတနာလှုံ့ဆော်မှု ရှိသည်ဖြစ်၍ ချမ်းသာကို ဖြစ်စေတတ်သည် ။
ချမ်းသာ အကျိုးရှိ၏ ။

(အဂုတ္ထိုရ် ပါဠိတော် ၊ စတုတ္ထ ပဏ္ဏာသက ၊ ကရဇဟာရ၀ဂ် ၊ ပဋ္ဌမ သဉ္စေ သနိကသုတ် )


ဘ၀ သံသရာ အဆက်ဆက်က သယ်ဆောင်လာသော ကမ္မသတ္တိများအရ ၊
လူတစ်ဦး နှင့် တစ်ဦး မွေးဖွားလာစဉ်ကတည်းက ဘ၀ပေး အခြေအနေ ရုပ်ရည် ရူပကာရတို့ အစစ ကွဲပြားခြားနားလာခဲ့ ကြသည် ။ အချို့က ရုပ်ရည် ရူပကာရ ချောမောလှပ၏ ။ အချို့က သင့်တင့် ကြည့်ပျော်ရုံမျှရှိ၏ ။ အချို့က အကျည်းတန် ရုပ်ဆိုး၏ ။ အချို့ က ချမ်းသာကြွယ်ဝသော မိဘက မွေးဖွား၏ ။ အချို့က လူလတ်တန်းစား မိဘက မွေးဖွား၏ ။
အချို့က ဆင်းရဲနွမ်းပါးသော မိဘက မွေးဖွား၏ ။

ငယ်စဉ်ကတည်းက ပညာတတ်ပြီး ဂုဏ်ရှိန်မြင့်မားသောမိဘများမှ မွေးဖွားလာသူတို့ ရှိသလို ၊ပညာမဲ့ ဂုဏ်ရှိန်မဲ့ မိဘမှ
မွေးဖွားလာသူတို့လည်း ရှိသည် ...။
မြို့ကြီးပြကြီးတွင် ကြီးပြင်းခဲ့ သူတို့ ရှိသလို ကျေးရွာဇနပုဒ်တွင် ကြီးပြင်းခဲ့သူတို့လည်းရှိ၏ ။မိဘအသိုင်းအ၀ိုင်း ၊ မွေးဖွားကြီးပြင်းရာ အရပ်ဒေသ ၊ ရုပ်ရည်အဆင်းသဏ္ဍန် တို့မှာ မိမိစိတ်ကြိုက် ရွေးချယ်၍ ရသော အရာမဟုတ်ပါ ။
အတိတ်ကံက စီမံဖန်တီးသမျှ ခံကြရခြင်း ဖြစ်ပါ၏ ။

သို့သော် လူသည် အတိတ်ကံက စီမံဖန်တီးသမျှ ဓါတ်ခွဲစမ်းသတ်ခန်းက ဖားပမာ လည်စင်း ငြိမ်ခံနေဖို့မလိုပါ ။
ငြင်းဆန်၍ မရသော ဘ၀ပေးအခြေအနေကို မဖြစ်မနေ လက်ခံခဲ့ရလင့်ကစား ယင်းမနှစ်မြို့သော ဘ၀ပေးအခြေအနေမှ
လွန်မြောက်အောင်ရုန်းထွက်နှိုင်ရပေမည် ။ လူသားတိုင်းတွင် သူတို့၏ ဘ၀ကို ထုဆစ်ပုံဖေါ် ဖန်တီးနေသော ပန်းပုဆရာ သုံးဦးရှိပါသည်...။
ယင်းတို့မှာ ကာယကံမှု ၊ ၀စီကံမှု ၊ မနောကံမှု ဟူသော ပန်းပုဆရာတို့ ဖြစ်ပါ၏။
ထိုပန်းပုဆရာ သုံးဦးတို့၏ စွမ်းအားဖြင့် လူသားတိုင်းသည် သူတို့၏ ပစ္စုပ္ပန်ဘ၀ ရုပ်လုံးကို တဖြည်းဖြည်းချင်း ဖန်တီးပုံဖေါ်နေခြင်းဖြစ်ပါသည်...။

ဆင်းရဲနွမ်းပါးသော ဘ၀ပေးအခြေအနေတွင် စတင် မွေးဖွားခဲ့ခြင်းမှာ မိမိ၏ အတိတ်ကံကြောင့် ဖြစ်ပါ၏ ။ရုပ်ရည်အဆင်း
မလှပခြင်းမှာလည်း မိမိ၏ အတိတ်ကံကြောင့် ဖြစ်ပါ၏ ။ ရွာသိမ်ရွာငယ် ကျေးရွာဇနပုဒ်တွင် လူဖြစ်ပြီး ကြီးပြင်းခြင်းမှာလည်း
မိမိ၏ အတိတ်ကံကြောင့် ဖြစ်ပါ၏ ။

မည်သူ့ကြောင့်မှ မဟုတ်သလို အတိတ်ကံအပေါ်တွင် ယိုးမယ်ဖွဲ့အပြစ် ရှာနေ၍လည်း အကျိုးမရှိ ...။ အကျိုးပေးမကောင်းသော အတိတ်ကံ အဟောင်းတို့ကို ပစ္စုပ္ပန် ကံကောင်းများဖြင့် တဖြည်းဖြည်းချင်း ပယ်ခွင်းသွားရမည်သာ ဖြစ်ပါ၏ ။

ပစ္စုပ္ပန် ကံကောင်းကို ထူထောင်ရာတွင် ဦးစွာပထမ “မနောကံ ” ကောင်းဖို့ လိုပါသည်...။
ဆိုရသော် စိတ်ကောင်းမွေးဖို့ လိုပါသည် ၊။ အတိတ်ကံဟောင်းက မည်သို့ အကျိုးပေးခဲ့စေကာမူ စိတ်ကောင်းထားလျင် လာမည့် အနာဂတ်ကာလတွင် အကျိုးပေးကောင်းလာမည် ဖြစ်ကြောင်း ကျေးဇူးရှင် အရှင်ဇနက ဘိဝံသ ဆရာတော်ကြီးက ဤသို့ ဆုံးမတော် မူခဲ့ပါ၏။

“ ပြုသမျှ အသစ် ၊ ဖြစ်သမျှ အဟောင်း ၊ မကောင်းလည်းငါ ၊ ကောင်းလည်းငါ ဟု ကောင်းစွာမြင်သိ ပညာရှိသည်
အခု ဖြစ်နေတဲ့ဥစ္စာ အဟောင်းတွေပဲ ၊ ဘာမှ မကြာဘူး ပြောင်းသွားမယ် ၊ ဘာမှ မကြောက်နှင့် ၊ အရုပ်ဆိုးလည်း မကြောက်နှင့် ၊ အမျိုးညံ့လည်း မကြောက်နှင့် ၊ ပစ္စည်း ဥစ္စာ မရှိလည်း မကြောက်နှင့် ၊ ဒီဘ၀မှာ စိတ်ကောင်းလေးသာ ထားပါ...၊ စိတ်ကောင်းလေး ထားလိုက်တဲ့ အသစ်တွေက လာမဲ့ ဘ၀ပေါင်းများစွာ အကျိုးလာပြီးတော့ ပေးမယ်...”

လူ့ဘ၀တွင် “ဗဟိဒ္ဓ ဘ၀”ဟူသော “ရုပ်ပိုင်းဘ၀” နှင့် “အဇ္ဈတ္တ ဘ၀” ဟူသော “စိတ်ပိုင်းဘ၀” ဟူ၍ နှစ်မျိုး ရှိပါသည် ။
ထိုနှစ်မျိုးတွင် အပြင်လောကဟု ဆိုအပ်သော “ဗဟိဒ္ဓ ဘ၀”ကို မိမိ မပိုင်လေပါ...၊မိမိ စိတ်ကြိုက် ရာနှုန်းပြည့် ပုံဖေါ်ဖန်တီး နှိုင်လိမ့်မည်ဟု မျှော်လင့်၍ မရနှိုင်ပါ ။ “အဇ္ဈတ္တ ဘ၀” မည်သော စိတ်ပိုင်းဘ၀ကမူ မိမိ တစ်ဦးတည်းပိုင် ဖြစ်ပါသည်...။မိမိ ဆန္ဒရှိသလို ပြောင်းလဲနှိုင်သည် ၊ ပုံဖေါ် ဖန်တီးနှိုင်သည် ။

လူတစ်ဦးနှင့်တစ်ဦး ပြင်ပ ဗဟိဒ္ဓ ရှိ အရာဝတ္ထု ၊ ပစ္စည်းဥစ္စာ စသည်တို့အပေါ် ပိုင်ဆိုင်မှုခြင်း မတူညီကြစေကာမူ...
“စိတ်” ကို ပိုင်ဆိုင်မှုခြင်း တူညီကြပေသည်....။မည်သူမျှ အခြားသူထက်ပို၍ စိတ်နှစ်စိတ် ပိုင်ဆိုင်သည်ဟု မရှိပါ ။
သဘာဝတရားက လူသားတိုင်းအား ညီတူညီမျှ ပေးအပ်ထားသော ဤစိတ်ကို ကောင်းစွာ တန်ဖိုးထား မွေးမြူတတ်ဖို့သာ လိုပါသည်။
လက်ရှိ အခြေအနေတွင် ဘ၀ အနေအထား မလှပလင့်ကစား မိမိ၏ စိတ်ထားကို လှပအောင်ထားတတ်ဖို့ ကြိုးစားရပေမည်။
ဘ၀ပေးအခြေအနေ နိမ့်ကျနေလင့်ကစား မိမိ၏ စိတ်ထားကို မြင့်မားအောင် ထားတတ်ရပေမည် ။
စိတ်သည် ကာယကံမှု ၊ ၀စီကံမှု တို့ကို ဦးဆောင်ပါသည် ။

တည်ငြိမ်သောစိတ်က ဦးဆောင်သော် ကာယကံမှု တည်ငြိမ်သည် ။ ၀စီကံမှု တည်ငြိမ်သည် ။ အေးချမ်းသောစိတ် ဦးဆောင်သော် ကာယကံမှု အေးချမ်းသည် ။ ၀စီကံမှု အေးချမ်းသည် ။ စိတ်ထား ကောင်းလာသည်နှင့် အမျှ မိမိ ဘ၀သည် ရှိရင်းစွဲထက် ပိုအေးချမ်းလာမည် ။ စိတ်ထား တည်ငြိမ်လာသည်နှင့် အမျှ မိမိဘ၀သည် ရှိရင်းစွဲထက် ပို တည်ငြိမ်လာမည် ။

စိတ်ထားကောင်းကို အရင်းခံလျက်ပြုသော ကာယကံ မှုသည် ကောင်းသောကာယကံ မှုဖြစ်သည် ။ စိတ်ထားကောင်းကို အရင်းခံလျက်ပြုသော ၀စီကံမှုသည် ကောင်းသော ၀စီကံမှု ဖြစ်သည် ။
ကောင်းသော ကံသုံးပါးက ကောင်းကျိုးပေးသည် ။ ချမ်းသာကို ဖြစ်စေသည် ။ ဤသည်မှာ ကမ္မနိယာမ ဖြစ်ပါ၏။

အထက်ပါ ဘုရားရှင်၏ အဆုံးအမတော်တွင် ဘ၀၌ ကောင်းကျိုးချမ်းသာများကို ဖြစ်ထွန်းပေါ်ပေါက်စေသော ...
မနောကံသုံးမျိုးကို ဟောဖေါ် ညွှန်ပြတော်မူခဲ့ပါ၏ ။ ချမ်းသာကို ဖြစ်စေတတ်သော ၊ ချမ်းသာကျိုး ရှိစေတတ်သော မနောကံ သုံးမျိုးအနက် ...ပထမဆုံး “မနောကံ” မှာ...

(၁)အဘိဇ္ဈာ မများခြင်း ၊ သူတစ်ပါး၏ စည်းစိမ်ဥစ္စာကို “ငါ့ဥစ္စာ ဖြစ်လျင် ကောင်းလေစွ ”ဟု ရှေးရှု မကြံခြင်းပင် ဖြစ်ပါသည်။
လူတို့သည် ဘ၀ ရပ်တည်ရှင်သန်ရေးအတွက် လိုအပ်သော ပစ္စည်းဥစ္စာတို့ကို ရှာဖွေကြရသည် ။ စုဆောင်းကြရသည်။ ယင်းသို့ ရှာဖွေ စုဆောင်းကြရာတွင် လူတစ်ဦးချင်းစီ၏ ကံ ဥာဏ် ၀ီရိယ အပေါ် တည်မှီလျက် တစ်ဦးနှင့် တစ်ဦး ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှုခြင်း မတူညီပေ။
အချို့က ဥစ္စာ ပစ္စည်း အလျှံ အပယ် ကြွယ်ဝ၏ ။အချို့က ဥစ္စာပစ္စည်း သင့်တင့်ရုံမျှ ရှိ၏ ။ အချို့ကမူ တစ်နေ့လုပ် တစ်နေ့စားဆိုသကဲ့သို့ စုဆောင်းထားသော ဥစ္စာပစ္စည်းဟူ၍ မရှိ ။ အချို့က စုဆောင်းမထားနှိုင်သည့်အပြင် သူတစ်ပါးထံမှ ချေးယူထားသော ကြွေးများကိုပင် ပြေလည်အောင် မပေးဆပ်နှိုင်ပေ။ ဘ၀ပေး အခြေအနေနှင့် ငွေကြးဥစ္စာ ရှာဖွေမှု စွမ်းရည်မတူ ခြားနားလေသောကြောင့် ဆင်းရဲ ချမ်းသာ ကွာခြားနေခြင်း ဖြစ်ပါ၏ ။

အချို့သူတို့သည် မိမိဥာဏ်နှင့် ၀ီရိယ တို့ကို အစွမ်းကုန်အသုံးချလျက် ငွေကြေးဥစ္စာ ရှာဖွေမှု မပြု ၊ သို့တစ်စေ သူတစ်ပါးတို့က ဥာဏ်ဝီရိယတို့ကို အစွမ်းကုန်အသုံးချလျက် သမ္မာ အာဇီဝနည်းဖြင့် ရှာဖွေသော ပစ္စည်း ဥစ္စာတို့ကို မတော်လောဘဖြင့် လိုချင် မက်မောတတ်ကြ၏ ။ မိမိ၏ ကံ ဥာဏ် ၀ီရိယကို အရင်းအနှီး ပြုလျက် သမ္မာ အာဇီဝနည်းဖြင့် ရှာဖွေရရှိထားသော ဥစ္စာ ပစ္စည်း အပေါ်တွင်သာ ထိန်းသိမ်းစောင့်ရှောက်သင့်ပါ၏။

အမှန်တော့ သူတစ်ပါးတို့ ချမ်းသာကြွယ်ဝသည်မှာ သူတို့၏ အတိတ်ကံ နှင့် ပစ္စုပ္ပန် ကံ ပေါင်းစပ် အကျိုးပေးခြင်းသာ ဖြစ်ပါ၏။
သူတို့၏ ကုသိုလ် အကျိုးပေးအရ ချမ်းသာကြွယ်ဝခြင်း ဖြစ်သောကြောင့် အဘိဇ္ဈာ ပွားစရာ မဟုတ်ပါ....။

အချို့ သူတို့ကမူ သမ္မာ အာဇီဝမှုဖြင့် စီးပွားရှာပြီး ရလာသမျှ ငွေကြေးဥစ္စာ အပေါ် တင်းတိမ် ရောင့်ရဲ၏ ။ သူတစ်ပါးတို့၏ ချမ်းသာ ကြွယ်ဝမှု အပေါ် အဘိဇ္ဈာ မပွား ။ သူတစ်ပါး၏ပစ္စည်းကို ငါ့ဥစ္စာ ဖြစ်သော် ကောင်းလေစွဟု ရှေးရှု မကြံစည် ။ ထိုသို့ သောစိတ်ထားသည် ကောင်းမြတ်သော စိတ်ထားဖြစ်ပါသည် ကုသိုလ် စိတ်ဖြစ်ပါသည် ။ ပူလောင်ခြင်းကင်းသော စိတ်ထားဖြစ်ပါသည် ။ စိတ်ထားကောင်း စိတ်ထားမြတ် ဖြစ်သောကြောင့် ချမ်းသာကို ဖြစ်စေမည်ဟု ဘုရားရှင် မိန့်မြွက်တော်မူခဲ့ ခြင်း ဖြစ်ပါ၏ ။

ဘုရားရှင်က ချမ်းသာကို ဖြစ်စေတတ် ၊ ချမ်းသာကျိုး ရှိစေတတ်သည်ဟု အာမခံတော်မူသော မနောကံ သုံးမျိုး အနက် ဒုတိယမြောက် မနောကံမှာ ...
“ ပျက်စီး စေလိုသော စိတ်မရှိဘဲ ၊ သတ္တ၀ါတို့ ဘေးရန် ကြောင့်ကြ ဆင်း ရဲ ကင်းကြပါစေ ၊ မိမိ ကိုယ်ကို ချမ်းသာစွာ ရွက်ဆောင်နှိုင်ကြပါစေ...” ဟူသော စိတ်ထားပင်ဖြစ်ပါ၏ ။
သူတစ်ပါးတို့၏ စည်းစိမ်ဥစ္စာ ၊ နာမည်ဂုဏ်သတင်း အကျိုးစီးပွားများကို ဖျက်လို ဖျက်ဆီး ပြုချင်သောစိတ်မှာ ဣဿာ မစ္ဆရိယ ဟူသော အကုသိုလ် စေတသိက် နှစ်ပါးမှ မြစ်ဖျားခံလာခြင်း ဖြစ်ပါသည် ။
သူတစ်ပါး၏ ချမ်းသာကြွယ်ဝမှု ၊ အောင်မြင်ကျော်ကြားမှု အပေါ် ငြူစူစောင်းမြောင်း စိတ်မကောင်း ဖြစ်ခြင်းသည် ဣဿာ စေတသိက် ဖြစ်ပါ၏။
သူတစ်ပါးက မိမိ ထက် ချမ်းသာသွားမှာ အောင်မြင်သွားမှာကို စိုးရိမ် ခြင်းသည် မစ္ဆရိယ စေတသိက် ဖြစ်ပါသည် ။
သူတစ်ပါး၏ ကံ ဥာဏ် ၀ီရိယ ကြောင့်ဖြစ်ထွန်းလာသော ငွေ ကြေးဥစ္စာ ၊ အောင်မြင်မှုတို့ အပေါ် ဖျက်လို ဖျက်ဆီး ပြုခြင်းသည် အလွန်သေးသိမ်သော ယုတ်မာသော အောက်တန်းကျသော စိတ်နေစိတ်ထား ဖြစ်ပါ၏ ။

မြတ်ဗုဒ္ဓ၏ အဆုံးအမ၌ သက်ဝင်သူ ၊ ပင်ကိုယ် စိတ်ရင်း ကောင်းမွန်သူ ၊ နှလုံးသား လှပသူတို့သည် ၊ သူတစ်ပါးတို့၏ ကြီးပွား ချမ်းသာမှု အောင်မြင်ကျော်ကြားမှုအပေါ် ဣဿာ လည်း မဖြစ် မစ္ဆရိယ လည်း မဖြစ် ။
မည်သည့်အခါမှ သူတစ်ပါး၏ အကျိုးစီးပွား ပျက်စီးရာပျက်စီးကြောင်း မကြံဆောင် မပြုတတ် ။ ထိုသူတို့၏ သန္တန် တွင် ကိုယ်ချင်းစာတရားကိန်းအောင်းသည် ။

မိမိတို့ ကိုယ်တိုင် ကြောင့်ကြခြင်း ကင်းချင်သလို ၊ ဆင်းရဲခြင်း ကင်းချင်သလို သူတစ်ပါးတို့လည်း ကြောင့်ကြ ကင်းကြပါစေ ၊
ဆင်းရဲ ကင်းကြပါစေဟု နှလုံးသားမှ လှိုက်လှိုက် လှဲလှဲ မေတ္တာ ထားတတ်ကြ၏ ။
ယင်းနှလုံးသားထဲမှ မေတ္တာကို ကာယကံမှု ဖြင့်လည်း ဖေါ်ပြတတ်၏ ။ ၀စီကံမှုဖြင့်လည်း ဖေါ်ပြတတ်၏ ။ မည်သည့် အခါမှ သူတစ်ပါးတို့၏ အကျိုးမဲ့မှု ကို မဖြစ်စေဘဲ မေတ္တာ ဂရုဏာ ထားသော စိတ်ထားသည် ကောင်းမြတ်သော စိတ်ထားဖြစ်ပါသည် ။
ကြည်လင် အေးချမ်းသော စိတ်နေစိတ်ထားဖြစ်ပါသည် ။ ကုသိုလ် စိတ်ဖြစ်ပါ၏ ။
ကုသိုလ်စိတ် ဖြစ်သောကြောင့် ဘုရားရှင်က ချမ်းသာကို ဖြစ်စေတတ် ၊ ချမ်းသာကျိုး ရှိစေတတ်သည် ဟု မိန့်တော် မူခဲ့ခြင်း ဖြစ်ပါသည် ။

မြတ်စွာဘုရားက ချမ်းသာကို ဖြစ်စေတတ် ၊ ချမ်းသာကျိုး ရှိစေတတ်သည်ဟု အာမခံတော်မူသော မနောကံ သုံးပါး အနက်
တတိယမြောက် မနောကံမှာ “ မှန်ကန်သော အယူ ရှိခြင်းပင်” ဖြစ်ပါသည် ။
ဗုဒ္ဓ ဘာသာဝင်တစ်ဦး အဖို့ သမ္မာဒိဋ္ဌိ နှင့် စ၍ သမ္မဒိဋ္ဌိ နှင့် ဆုံးပါသည် ...။ မှန်ကန်သော အယူရှိမှသာ ဗုဒ္ဓ ဘာသာဝင်တစ်ဦး အဖြစ် ကောင်းစွာ ပျိုးထောင်တည်ဆောက်၍ ရနှိုင်ပါမည် ။

ဗာဟိယ သုတ္တန် ဒေသနာတော်တွင် ဗုဒ္ဓ မြတ်စွာက “ အယူအမြင်စင်ကြယ် ဖြောင့်မှန်ခြင်းသည် ကုသိုလ် ကောင်းမှု တို့ ၏ အဦး အစ”ဟူ၍ ဟောတော်မူခဲ့ ပါ၏။ မည်သည့် လုပ်ငန်းကို ဆောင်ရွက်သည် ဖြစ်စေ ဦးစွာ အယူ မှန်ကန်ဖို့ လိုအပ်ပါသည် ။
အယူ အမြင် မှန်ကန်ခြင်းနှင့် စပ်လျဉ်း၍ မည်မျှ အရေးကြီးကြောင်း ကျေးဇူးရှင် သီတဂူ အရှင် ဥာဏိဿရ ဆရာတော်ကြီးက ဤသို့ မိန့်တော်မူခဲ့ပါသည် ...။
“ သီလပင် သန့်ရှင်းစင်ကြယ်သော်လည်း အယူက မဖြောင့်သေးယင် ဒီကုသိုလ်ရဲ့အစဟာ မသန့်ရှင်းသေးဘူး ။ အဲဒါကြောင့် ကမ္ဘာမှာ ဘုန်းကြီးတို့ ပရိတ်သတ် အပေါင်း သူတော်ကောင်းတို့ ...ဒါနမှု ပထမတန်း ပြုကြတဲ့ ပုဂ္ဂိုလ်တွေ အများကြီး ရှိပါတယ်...၊ ကိုယ်ကျင့်တရား သိပ်ကောင်းတဲ့ ပုဂ္ဂိုလ်တွေလည်းကမ္ဘာမှာ အများကြီး ရှိပါတယ် ။ သို့သော်လည်း လိုနေတာက ဒိဋ္ဌိစု ကမ္မပါပဲ ..ဟုတ်လား ”

“ စေတနာနဲ့ ဝေဒနာ အကြောင်းလောက်ကို လက်မခံနှီုင်သေးယင် ဒိဋ္ဌိစုကမ္မ မဖြစ်နှိုင်သေးဘူး ၊ ဒိဋ္ဌိစုကမ္မ မဖြစ်နှိုင်သေးယင် ကိုယ်ကျင့် တရားကောင်းအောင် ဘယ်လောက်ပင် သီလကို ဆောက်တည်ထားစေကာမူ ၊ အဲဒီ သီလသည် ဒိဋ္ဌိစု ကမ္မ မပါတဲ့ အတွက်ကြောင့် သူလည်း တကယ့် ၀ိသုဒ္ဓိ မဖြစ်သေးဘူး ၊ ကိုယ်ကျင့် တရားတွေက တကယ် သိပ်ကောင်းပြီးတော့ အလှုဒါနကို မီလျံနာလောက် ပြုနှိုင်စေကာမူ ဒိဋ္ဌိစု ကမ္မ မပါယင် ဒီဒါနသည်လည်းပဲ ပထမတန်းစား မဖြစ်သေးဘူး ၊ သမထ ၀ိပဿနာ မှာ ပိုပြီး အရေးကြီးပါတယ် ...”

အယူမှန်မှသာ အတွေးအကြံမှန်မည် ။ အပြောမှန်မည် ။ အပြုအမူ မှန်မည် ။ အကျင့်မှန်မည် ။ အသက်မွေးမှု မှန်မည် ။
အယူမှန်ဆို သည်မှာ ကံ ကံ ၏ အကျိုးကို ယုံကြည်ရသည် ။ ကုသိုလ် အကုသိုလ်၏ အကျိုးကို ယုံကြည်ရသည့် အကျင့်ကြောင့် အကြောင်းဖြစ် ၊ အကြောင်းကြောင့် အကျိုးဖြစ်ရသည်ဟု ယုံကြည်လာရသည်...။

အယူမှန် (သမ္မဒိဋ္ဌိ ) ရှိသူသည် ကံ ကံ ၏ အကျိုးဖြစ်သည်ဟု ယုံကြည်ရသည့်အလျောက် ပစ္စုပ္ပန် ဘ၀တွင် ကောင်းသော အမှုတွေကိုချည်းပြုသည် ။ ကံကောင်းတွေ စုဆောင်းသည် ။
ကုသိုလ် အကုသိုလ် ၏ အကျိုးပေးကို ယုံကြည်သောကြောင့် ကုသိုလ်ကောင်းမှုတွေကို လုပ်ရမှန်းသိပြီး သိသည် နှင့် အမျှ ကုသိုလ် အမှုတွေကို ပြုသည် ။

အကျင့် ကောင်းမှ အကြောင်းကောင်းပြီး အကျိုးပေးလည်း ကောင်းနှိုင်သည်ဟု ယုံကြည်သောကြောင့် ကိုယ်ကျင့် တရားကောင်းစွာ နေထိုင်သည် ။
အယူမှန်ကန်ခြင်းသည် လောကီ အကျိုးစီးပွားနှင့် ၊ လောကုတ္တရာ အကျိုးစီပွားတို့ကို ပေးဆောင်နှိုင်သော အစွမ်းရှိခြင်းကြာင့် ဘုရားရှင်က “မှန်ကန်သော အယူရှိခြင်း ” သည် ချမ်းသာကို ဖြစ်စေတတ် ၊ချမ်းသာကျိုးရှိသည်ဟု ဟောတော် မူခဲ့ခြင်း ဖြစ်ပါ၏

ကုသိုလ် စေတနာ လှုံ့ဆော်မှုရှိသည် ဖြစ်၍ ချမ်းသာကို ဖြစ်စေတတ်သော ချမ်းသာကျိုးရှိစေသော မနောကံ ပြည့်စုံမှု သုံးမျိုး
မိမိ၏ အတွင်းသန္တာန်၌ ဖြစ်ထွန်း တည်ရှိလာအောင် ကြိုးပမ်း အားထုတ်ခြင်းအားဖြင့် ဘ၀ကောင်း ဘ၀မွန် တစ်ခုကို ထုဆစ် ဖန်တီးအပ်ပါ၏...။ ။



Read more...

Saturday 29 October 2011

DHAMAPADA ဓမ္မပဒ

တစ်စုံ တစ်ယောက်ကိုမျှ ကြမ်းကြုတ်သော စကားကို မဆိုပါလင့်...။အဆိုခံရသော သူတို့သည် သင့်ကို ပြန်လှန်ဆိုကုန်ရာ၏...
ချုပ်ချယ်သောစကားသည် ဆင်းရဲခြင်း၏ အကြောင်းပေတည်း...။
(သူတစ်ပါးကို ဒဏ်ပြုက) အတုံ့အလှည့် ဒဏ်တို့သည် သင့်ထံသို့ ရောက်လာကုန်ရာ၏...။

(A) Speak not harsh words to anyone ; those thus addressed will retort to it . Painful , indeed, is vindictive speech ; retribution ( or exchange blows ) will come upon you .

(B) Do not speech anything harsh. Those who are spoken to will answer back. Retaliatory talk is painful and punishment in turn will touch you .

ဤသူသည် ငါ့ကို ဆဲရေးခဲ့သည် ။ ငါ့ကို ညှဉ်းဆဲခဲ့သည် ။ ငါ့ကိုအောင်နိုင်ခဲ့သည် ။ ငါ့ဥစ္စာကို ယူခဲ့သည်ဟု ထိုသူအပေါ်၌ ရန်ငြိုးဖွဲ့ကုန်၏ ။ ထိုသူတို့အား ရန်သူသည် မငြိမ်းအေးနှိုင်ကုန် ...။

(A) In those who harbour such thoughts, "He abused me ,struck me , overpowerd me , robbed me ", hatred is never appeased .

(B) "He abused me , he ill-treated me , he got the better of me , he stole my belongings ", ... the enmity of those harbourings such thoughts cannot be appeased .

(C) " He insulted me , he hurt me , He defeated me , he robbed me " . Those who think such thoughts will not be free from hate .

ထကြွ လုံ့လရှိ၍ သတိတရားရှိပြီး ကံသုံးပါး စင်ကြယ်သော စူးစမ်းဆင်ခြင်စွာ ပြုလေ့ရှိ၍ (ဣနြေ္ဒကို ) စောင့်စည်းပြီး တရားသဖြင့် အသက်မွေးကာ မမေ့မလျော့သောသူအား အခြွေ အရံ အကျော်အစောသည် အစဉ် တိုးပွားပေ၏...။

(A) Whosoever is energetic, mindful ,pure in actions , discriminative and self-restrained , right-living and heedful, the glory of such a person increases continously.

(B) The fame increases greatly of him who is striving and is mindful , whose deeds are pure and well-considered, who is restrained and who lives righteously and with diligence .



Read more...

Tuesday 25 October 2011

ငါ အိုသွားတဲ့ အခါ

-ငါ အိုသွားတဲ့အခါ ငါဟာ အယင်က ငါ မဟုတ်တော့ဘူး... ငါ့ကို နားလည်ပေးပါ ...စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ ။
-ချည့်နဲ့နဲ့ လက်တွေနဲ့ ထမင်းဟင်းတွေ အင်္ကျီပေါ် ဖိတ်စင်သွားတဲ့အခါ ၊ အင်္ကျီ လုံချည် ဖိုသီဖတ်သီ ဖြစ်နေတဲ့ အခါ ၊ ငါ့ကို မရွံပါနဲ့ ၊ ငယ်ငယ်တုံးက ငါသုတ်သင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီး သတိရပေးပါ ။
-အပ်ကြောင်းထပ်မက ပြောဖူးတဲ့ စကားတွေ ပြန်ပြောမိတဲ့အခါ စကားမဖြတ်ဘဲ ကျေးဇူးပြုပြီး နားထောင်ပေးပါ...
ငယ်ငယ်တုံးက အိပ်ယာဝင်တိုင်း တစ်ထောင့် တစ်ညပုံပြင်တွေ ၊ ငါးရာ့ငါးဆယ်နိပါတ်တော်တွေ ၊ ဇာတ်ကြီးဆယ်ဖွဲ့တွေ စတဲ့
ပုံပြင်တွေကို မရိုးအောင်ပြောယင်း ငါချော့သိပ်ခဲ့တာတွေကို သတိရပေးပါ...။
-မလှုပ်ရှားနှိုင်လို့ ရေချိုးဖို့ အကူအညီ လိုတဲ့အခါ ငါ့ကိုငြိုငြင်ပါနဲ့ ၊ ငယ်ငယ်တုံးက ချော့တစ်လှည့် ခြောက်တစ်လှည့်
ရေချိုးပေးခဲ့ဖူးတဲ့ ပုံရိပ်ကလေးကို မြင်ယောင်ပေးပါ ...။
-ခေတ်သစ် နည်းပညာသစ်တွေကို မသိနားမလည်ခဲ့ယင် မလှောင်ပါနဲ့ ၊ ငယ်ငယ်တုံးက ဘာကြောင့်ဆိုတဲ့ မေးခွန်းတိုင်းကို
စိတ်ရှည်စွာ ငါပြန်ဖြေခဲ့တာကို သတိရပေးပါ ...။
-စိတ်သွားတိုင်း ကိုယ်မပါ နွမ်းလျပြီး လမ်းမလျှောက်နှိုင်တဲ့အခါ ခွန်အားပါတဲ့ လက်တစ်စုံနဲ့ ငါ့ကို ကူတွဲပေးကြပါ
လမ်းလျှောက်သင်စ အရွယ်တုံးက တစ်လှမ်းချင်း လမ်းလျှောက်လေ့ကျင့်ပေးခဲ့တာတွေကို သတိရပေးပါ ။
-တစ်နေ့ထက်တစ်နေ့ အိုစာသွားတဲ့ ငါ့ကို ကြည့်ပြီး ၀မ်းမနည်းပါနဲ့ နားလည်ပေးပါ ၊ အားပေးပါ ၊ အယင်တုံးက လူ့ဘ၀တက်လမ်းအတွက် ငါလမ်းညွှန်ခဲ့သလို အခုအချိန်မှာ ငါ့ဘ၀ နောက်ဆုံးအချိန်အတွက် အဖေါ်ပြုပေးပါ...။
-ချစ်ခြင်းမေတ္တာနဲ့ အေးမြမှုတွေကို ငါပြုံးပြုံးလေး လက်ခံမှာပါ ၊ အဲဒီအပြုံးတွေထဲမှာ မဆုံးတဲ့ ငါ့မေတ္တာတွေ တွေ့ရမှာပါ ...။
အားလုံး ထာဝရ ပျော်ရွှင်ချမ်းမြေ့ကြပါစေ....

မှတ်သားထားမိတဲ့ နှစ်သက် သံဝေဂ ယူစရာ စကားစုလေးတစ်ခုပါ...ရေးသူမသိ

Read more...

Thursday 6 October 2011

ခင်ပွန်းကြီး ဆယ်ပါးကန်တော့နည်း

ဘုရားတပည့်တော်သည် သံသရာအစမှစ၍ ယနေ့တိုင်အောင်
- ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးတို့ အပေါ်၌
- ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ပစ္စေက ဗုဒ္ဓါ အရှင်ကိုယ်တော်မြတ်ကြီးတို့ အပေါ်၌
- ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော အဂ္ဂသာဝက၊ မဟာသာဝက ရဟန္တာ အရှင်မြတ်ကြီးတို့ အပေါ်၌
- ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ရဟန္တာအရှင် ကိုယ်တော်မြတ်ကြီးတို့ အပေါ်၌
- ဂုဏ်ကျေးဇူးကြီးမားကြကုန်သော မိခင်တို့ အပေါ်၌
- ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ဖခင်တို့တို့ အပေါ်၌
- ဂုဏ်ကျေးဇူးကြီးမားကြကုန်သော လိမ္မာစေရန် ကျိုးကြောင်းပြ၍ ဆုံးမတတ်သောဆရာသမားတို့ အပေါ်၌
- ဂုဏ်ကျေးဇူးကြီးမားကြကုန်သော သီလဂုဏ် ၊ ပညာဂုဏ်တို့ကို ဆည်းပူးဖြည့်ကျင့်လျက်ရှိကြကုန်သော
လူပုဂ္ဂိုလ် ၊ ရဟန်းပုဂ္ဂိုလ် တို့ အပေါ်၌
- ဂုဏ်ကျေးဇူးကြီးမားကြကုန်သော တရားဓမ္မတို့ကို ဟောပြောပြသ ဆုံးမတတ်သော ဆရာသမားတို့ အပေါ်၌
- ထမင်းတစ်လုပ် ၊ ရေတစ်မှုတ် စသည်ဖြင့် ပေးကမ်းချီးမြှင့် ထောက်ပံ့ဖူးသော
ကျေးဇူးရှင် ပုဂ္ဂိုလ်တို့ အပေါ်၌
ကာယကံ ၊ ၀စီကံ ၊ မနောကံ သုံးပါးသောကံတို့ဖြင့် ပြစ်မှားမိခဲ့သည် ရှိခဲ့ပါသော်
ထိုအပြစ်ကို ပျောက်ပါစေခြင်း အကျိုးငှါ ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏ဘုရား ...။
ဤသို့ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ရသော ကောင်းမှုကံ စေတနာတို့ကြောင့်
အလုံးစုံသော ဘေးရောဂါ အန္တရာယ် အပေါင်းမှ ကင်းဝေးပြီးလျင် မြတ်စွာဘုရားရှင် ဟောကြားတော်မူသော
သစ္စာလေးပါး မြတ်တရားကို ကောင်းစွာသိမြင်၍ နိဗ္ဗာန်သို့ ၀င်နှိုင်သောကိုယ် ဖြစ်ရပါစေသား အရှင်ဘုရား...။
လောကီမင်္ဂလာ အဖြာဖြာ တို့သည်လည်း စိတ်ကြံတိုင်း တောင်းတတိုင်း လွယ်ကူလျင်မြန်စွာ ပြည့်စုံ၍
နှလုံးစိတ်ဝမ်း အေးချမ်းရပါစေသား အရှင်ဘုရား ...။

ဓမ္မ လက်ဆောင်အနေနဲ့ ဖတ်ခဲ့ရတဲ့ မှတ်သားစရာ တစ်ခုပါ...မူရင်းမသိ
Read more...

Wednesday 21 September 2011

မယားချစ်တော့ မြား၊ အများချစ်တော့ ဖား၊ ဘုရားချစ်မှ နား

မယားချစ်နေသူ အလိုချင်းလိုက် အကြိုက်ချည်းပေး
နေသောကြောင့် မြားချက်စူး
တဟင်းဟင်းနှင့် လူးနေရတတ်သည်။
မယားပါမက အများကပါချစ်နေသူ၊
အများ အားကိုး အများအကျိုးကိုချည်း
တစ်မျိုးပြီးတစ်မျိုး ကြိုးစားပေးနေရခြင်းကြောင့်
ကိုယ်ဖားစိတ်ပန်း လမ်းပင်လျှင်
တန်းတန်းသွားမရတတ်။
အကယ်တိတိ မယားနှင့် အများပါမက
ကိုယ့်ကိုယ်ကိုယ် ချစ်တတ်ပါမူကား
ဘုရားလိုလားသော ဖိုလ်၊ ဗောဇ္ဈင်၊
မဂ္ဂင်များ သတိရှေ့တန်းတင်ပွားနေတော့ရာ
ဘုရားအလိုကျ အရိယာဇာတ်သား
ဘဝ လှလှကြီးရစေပြီ။
ထိုဘုရားချစ်သား မည်သူကမှလည်း ခိုင်းမစား
မည်သည့်ကာလမှလည်း ကိစ္စမများ၊
ဘဝရော သံသရာပါ အအား အနားရလေပြီ။
Read more...